မိုးညို ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "တန်ဖိုးရှိလှ လူငယ်ဘဝ"စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးမြသန်းက "တန်ဖိုးရှိလှ လူငယ်ဘဝ"စာအုပ်မှ "တန်ဖိုးရှိသောစိတ်ကူးများ" ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးစံလင်းက "ခေါင်းဆောင်ဘာ့ကြောင့်ဖြစ်ချင်ရသလဲ"၊ အမျိုးသမီးအသင်း(Women Club) အဖွဲ့ဝင် ဒေါ်ဖြူဖြူစိုးက "စာဖတ်ခြင်း၏အကျိုးကျေးဇူး" စသည့်ခေါင်းစဉ်ပါအကြောင်းအရာများအားဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များက မိမိတို့သိလိုသည်များကိုမေးမြန်းကြပြီး စာပေဖတ်ကြားသူများနှင့် ပြန်လည်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)