ကျိုက်လတ်မြို့နယ် ဘုံလုံချောင်းကျေးရွာတွင် Transplanter Mounted Seeder (10-Rows) ဖြင့် စပါးမျိုးစေ့ချစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဘုံလုံချောင်းကျေးရွာ၊ ကွင်းအမှတ် (၁၂၆)၊ ဦးပိုင်အမှတ် (၆) ရှိ တောင်သူဦးမျိုး‌ဇော်၏ လယ်မြေ(၅)ဧကတွင် ယမန်နေ့နံနက်ပိုင်းက Transplanter Mounted Seeder (10-Rows) ဖြင့် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။

စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြု၍ လုပ်သားအင်အားရှားပါးမှုကို ဖြေရှင်းနိုင်ပြီး အချိန်တိုအတွင်း စပါးအထွက်နှုန်းကောင်းမွန်သည့် စိုက်ဧကများစွာ ထွန်ယက်စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍  စက်မှုလယ်ယာဦးစီးဌာနမှ Transplanter Mounted Seeder (10-Rows) ဖြင့် စပါးမျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ သရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၅)စက်မှုလယ်ယာစခန်း(ကျိုက်လတ်)မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းဝင်းနှင့် ဝန်ထမ်းများက Transplanter Mounted Seeder(10Rows)ဖြင့် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်းများကို လက်တွေ့သရုပ်ပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်/တိုး/မြင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများမှ လေ့လာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)