ကရသူရိ ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူများ၏ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် ကျောင်းသား/ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားရေး၊ ထူးချွန်ထက်မြက်၍ သားကောင်းရတနာများပေါ်ထွန်းရေး၊ နှုတ်စွမ်းရည်များတိုးတက်မြင့်မားရေး၊ ယဉ်ကျေးလိမ္မာစေရေး၊ လူငယ်အချင်းချင်း အသိပညာဖလှယ်မှုရရှိရေးနှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းတတ်စေရေးတို့ကို ပညာပေးပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေးမှ ဦးဆောင်၍ (Grade-8) ကျောင်းသူ မမေသဇင်က “လူငယ်နှင့်မူးယစ်ဆေးဝါး”၊ (Grade-8) ကျောင်းသူ မသဇင်ကျော်က “လူငယ်နှင့်ကိုယ်ကျင့်တရား”၊ (Grade-8) ကျောင်းသား မောင်ရဲထက်လှိုင်က “လူငယ်နှင့်စည်းကမ်း”တို့ကို အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ သူများက မိမိတို့သိလိုသည်များကို အပြန်အလှန်ဆွေးနွေး မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)