ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

ဘားအံ ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ သံလွင်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများနှင့် နှုန်းတင်မြေနုကျွန်းများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တောင်သူများက တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့နယ် ကော့ဂွန်းရွာသစ်ကျေးရွာရှိ တောင်သူဦးအဟိုင်း၏ အသားစားနွား ၉ ကောင် မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားစားနွားမျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်ရေး ဆွေးနွေးပြောကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့သော အာဟာရဆားခဲများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ နှစ်ခြားကျေးရွာရှိ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော ဆောင်းဆီထွက်သီးနှံမြေပဲစိုက်ခင်းများအား ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာနနှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယခုနှစ်တွင် ပြည်နယ်အတွင်း ဆီထွက်သီးနှံမြေပဲ ၃၄၉၇၆ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားပြီး နိုဝင်ဘာလကုန်ထိ ၃၁၂၀၄ ဧက စိုက်ပျိုးပြီးစီးကာ လျာထားဧကထက် ပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ရေး တောင်သူစည်းရုံးပညာပေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အဆင့်ဆင့်သောဝန်ထမ်းများဖြင့် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဌာနီကုန်းကျေးရွာရှိ တောင်သူဦးသောင်းထွန်း၏ အသားစားနွား ၁၄ ကောင် မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးပြီး တောင်သူတိုးချဲ့မွေးမြူလိုပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်မတည်ထောက်ပံ့ပေးနိုင်ရေး ဆွေးနွေးပြောကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့သော အာဟာရဆားခဲများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ရေကျော်ကြီးကျေးရွာရှိ ‌တောင်သူဦးအဒစ်၏ အသားတိုးဝက် ၂၈ ကောင်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုအားပေးပြီး အသားတိုးဝက် တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေး လိုအပ်သည့်အရင်းအနှီး၊ မြေနေရာ၊ နည်းပညာနှင့်သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေးတာဝန်ရှိသူများ အားမှာကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့ပေးသော တိရစ္ဆာန်ဆေးဝါးများကို ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်လေးကျေးရွာရှိ အောင်မြင်ဖြစ်ထွန်းနေသော ပဲတီစိမ်း၊ မြေပဲ၊ ငရုတ် စိုက်ခင်းများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ပြည်နယ်အတွင်း ယခုနှစ်တွင် မိုးပဲတီစိမ်းနှင့် ဆောင်းပဲတီစိမ်း စုစုပေါင်း (၆၈၁၀၁) ဧကစိုက်ပျိုးရန် လျာထားပြီး နိုဝင်ဘာလကုန်ထိ (၆၁၄၇၅)ဧက စိုက်ပျိုးပြီးစီးမှုနှင့် လျာထားဧက ပြည့်မီကျော်လွန်ရေး ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စားရေရိက္ခာဖူလုံပိုလျှံရေး မြေလွတ်မြေလပ်မကျန် စဉ်ဆက်မပြတ်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး တောင်သူစည်းရုံး ပညာပေးဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ရေကျော်(မကျီးကျွန်း)ကျေးရွာရှိ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော အစေ့ထုတ်ပြောင်း၊ ငရုတ်၊ ရုံးပတီ၊ ခရမ်းစိုက်ခင်းများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက သီးနှံများစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် နီးစပ်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)