ချောင်းဦး ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယခုနှစ်စိုက်ပျိုးရန် ရာထားချက်ပြည့်မီလုနီးပါး စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်အတွင်းရှိ ငါးယှန်၊ နတ်ရေကန်၊ သန်းပင်ကန်၊ ပလွေ၊ ကျောက်ဆစ်ကန်၊ ဘူတာ၊ နွယ်ခွေ၊ တမာမြိုင်၊ မြို့သစ်စသည့် ကျေးရွာများ၌ ပဲစင်းငုံသီးနှံအား စိုက်ပျိုးလျက်ရှိပြီး အထွက်နှုန်းကောင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်၍ ဒေသနှင့်သင့်လျော်သည့် မုံရွာရွှေဒင်္ဂါးမျိုးများ စိုက်ပျိုးထားကြောင်း သိရသည်။ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှလည်း ပဲစင်းငုံစိုက်ပျိုးသည့် တောင်သူများအား ရွက်ဖြန်းမြေသြဇာဝယ်ယူမှု သက်သာလျော့ချနိုင်စေရန် ယူရီးယားနှင့်လက်ချား ပေါင်းစပ်သုံးစွဲသည့် နည်းပညာများဖြန့်ဝေပေးခဲ့သည်။
ရေဂါလံတစ်ပုံးလျင် လက်ချားဟင်းစားဇွန်း ၁ န်း၊ ယူရီးယား ဟင်းစားဇွန်း ၄ ဇွန်းခွဲ ထည့်သွင်းအသုံးပြုရပြီး သီးနှံကာလအတွင်း အဖူးဖူးချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ သီးကင်းဝင်ချိန် စသည့် ၃ ကြိမ်တွင် ပက်ဖြန်းပေးရန်လိုအပ်ကြောင်း၊ အသီးတင်မှု့အားကောင်းပြီး အထွက်နှုန်း တဧကအထွက်နှုန်းထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အထွက်နှုန်း ပိုလာနိုင်ကြောင်း၊ ချောင်းဦးမြို့နယ်တွင် ပဲစင်းငုံသီးနှံအား ၂၀၃၀၀ က စိုက်ပျိုးရန်လျာထားခဲ့သော်လည်း ယခုအချိန်အထိ ၂၀၂၀၃ က စိုက်ပျိုးပြီးစီးခဲ့၍ လျာထားဧကနီးပါး စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။
ပဲစင်းငုံသီးနှံ ၃ ဧက စိုက်ပျိုးထားသည့် နတ်ရေကန်ကျေးရွာ တောင်သူဦးအောင်မြင့်ထံမှလည်း ဒေသရာသီဥတုနှင့်ကိုက်ညီသည့် မုံရွာရွှေဒင်္ဂါးမျိုး စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေးသည့် ယူရီးယားနှင့် လက်ချားသုံးစွဲနည်းကြောင့် စိုက်ပျိုးစရိတ်သက်သာပြီး အပင်များပိုးမွှားကင်းစင်၊ အပင်ဖြစ်ထွန်းမှုကောင်းကြောင်း သိရှိရသည်။
ဝင်းမြင့်အောင် ပြန်ဆက်)