ကန့်ဘလူ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကန့်ဘလူမြို့မစျေး၌ ရောင်းချလျက်ရှိသော ဆေးဆိုင်များနှင့်စားသောက်ကုန်များကို ယမန်နေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ဆေးဆိုင်များတွင် စံချိန်စံညွှန်းမပြည့်မီသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းပြတ်လပ်မှုရှိမရှိနှင့် ဆေးဝါးများ စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိမရှိနှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်း ရှိမရှိ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိမရှိတို့ကိုစစ်ဆေး၍ အကြံပြုဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)