ထားဝယ် ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက်ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ Hotel Dawei ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ထို့သို့ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့များက ငလျင်လှုပ်ခတ်ပြီးသည့်နှင့်တစ်ပြိုင်နက် မီးသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန်ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအား အသုံးပြု၍ ကယ်ဆယ်ခြင်းများကိုလျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဟိုတယ်အတွင်းပိတ်မိနေသူများနှင့် ဒဏ်ရာရရှိသူများအားရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ကျန်ရှိ/ပျောက်ဆုံးသူများရှိ/ မရှိကို စာရင်းကောက်ယူစိစစ် ဆောင်ရွက်ခြင်းစသည်တို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍တိုင်ဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ငလျင်ဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင်ခန့်မှန်း၍ မရသောဘေးအန္တရာယ်ဖြစ်သည့်အတွက် ယခုလို ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ရခြင်းဖြင့် ဟိုတယ်အတွင်းရှိ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်ဧည့်သည်များအနေဖြင့် သဘာဝဘေးန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်မည့်နည်းလမ်း၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို သိနိုင်ပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ မဖြစ်ခင် ကြိုတင်ကာကွယ်ရ မည့်နည်းလမ်းများ၊ ဖြစ်ပွားနေစဉ် ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာ/အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်ခြင်းကို လေ့ကျင့်ရခြင်းဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများတွင် ပါဝင်သော သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းပါဝင်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)