ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချနိုင်ရေး ဆွေးနွေး

ပွင့်ဖြူ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပေးနိုင်ရေးအတွက် တင်ဒါလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က လေလံစနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်စပ်လျဉ်းပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချနိုင်ရေး ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လေလံစနစ်ဖြင့် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လိုင်စင်စီ အမျိုးအစားအလိုက် ဝယ်ယူရမည့် လိုင်စင်စည်းကမ်းချက်များ၊ ရည်ညွှန်းအသားဈေးနှုန်းများနှင့် တင်ဒါလုပ်ငန်းရှင်များအတွက် ရရှိမည့် အကျိုးခံစားခွင့်များကို ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက လေလံစနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် လေလံစနစ်ဖြင့် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များမှာ အမဲ၊ ဆိတ်၊ ဝက် လုပ်ငန်းလိုင်စင်၊ မြို့ပြနှင့် ကျေးလက်ဒေသ အခွန်ကောက်လုပ်ငန်းများဖြစ်သည့် ဈေးကောက်၊ စက်ဘီးရပ်နားအခွန်ကောက်၊ ရေလောင်းအိမ်သာ အခွန်ကောက်လုပ်ငန်းလိုင်စင်တို့ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရကာ လေလံရောင်းချမည့်အစီအစဉ်အား အများပြည်သူသိရှိနိုင်ရန် ကြိုတင်အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)