ကျွန်းစုမြို့တွင် မတ်စောက်သောတောင်ကုန်းများအား Grade နှိမ့်ချခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ကျွန်းစု ဒီဇင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လမ်းဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျွန်းစု၊ သင်္ကန်းအော်လမ်း (12.2 km – 14.5 km) အတွင်း (1.7 km) မတ်စောက်သော တောင်ကုန်းများအား Grade နှိမ့်ချခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Grade နှိမ့်ချခြင်းလုပ်ငန်းကို Green Asia Myanmar Co,Ltd မှ တင်ဒါခွင့်ပြုရန်ပုံငွေကျပ် (၁၉၂.၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ  မြိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက အဆိုပါလမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါလမ်းသည် သင်္ကန်းအော်ကျေးရွာ၊ ပြင်ထပ်အော်ကျေးရွာများမှ ဒေသထွက်သီးနှံများ သယ်ပို့ရောင်းချနေသည့်လုပ်ငန်းများတွင် အများဆုံး အသုံးပြုလျက်ရှိပြီး မိုးတွင်းကာလတွင် မတ်စောက် သော တောင်ကုန်းများကြောင့် သွားလာမှုခက်ခဲလျက်ရှိရာ လမ်းဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ သွားလာမှု လွယ်ကူမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)