အိမ်မဲ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကျင်းပပြီး စာအုပ်ပြပွဲ၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်နှင့် အိမ်မဲမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မူယာစိုးတို့က လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ လွတ်လပ်ရေးသမိုင်းကြောင်းနှင့် လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ အကြောင်းတို့ကိုအကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်ပြီး (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပရာ အ.မ.ကချောင်းဝကျောင်းမှ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင် မှတ်တမ်းပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ်မှတ်တမ်းပုံများ ၊ သုတရသရရှိစေမည့် စာအုပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု ခဲ့ကြသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)