မြိတ် ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးသတိမူရေး၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျောင်းသား/သူများအား မီးဘေးအန္တရာယ် အသိပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
မီးဘေးအန္တရာယ်ကင်းဝေးစေရန် မိမိနေအိမ်များတွင် ရှောင်ရန်/ဆောင်ရန်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အချက်များပါရှိသည့် မီးဘေးလုံခြုံရေး လက်ကမ်းစာစောင်များကို လမ်းဆုံလမ်းမများတွင် လမ်းသွားလမ်းလာများ၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးဆိုင်များတို့တွင် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးစန်းဦး ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုပေါင်း၍ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့အတူ ကျောင်းသား/သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်အကြောင်း သိရှိနိုင်စေရန်အတွက် ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူးက အသိပညာပေး ဟောပြောခဲ့ပြီး ဒု-မီးသတ်ဦးစီးမှူး ဦးရဲမင်းခင်လတ်နှင့် တပ်ဖွဲ့ဝင်များက မီးတောက်အား မီးသတ်ဆေးဘူး၊ ရေစိုအဝတ် ငြှိမ်းသတ်နည်းနှင့် ဂက်စ်ပိုက်မီးတောက်မှုအား မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ၍ ကျောင်းသား/သူများအား လက်တွေ့ဆောင်ရွက်စေခဲ့ကာ ကျောင်းဝင်းရှိ အဆောက်အအုံများအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)