ပေါင်းတည် ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာန၊ ရွှေတောင်လမ်း အခြေခံပညာမူလတန်းတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူလူငယ်များစာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူးဒေါ်ဝင်းမြသန်းက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်၊ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် ဗလငါးတန်နှင့်ပြည့်ဝပြီး မိမိကိုယ်ကိုယုံကြည်မှုရှိလာကြစေရန် ရည်ရွယ်၍ဟောပြောပွဲ၊ ပြိုင်ပွဲနှင့်ပြပွဲများပြုလုပ် ကျင်းပပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင် ရွှေတောင်လမ်း အ-မ-က မှ ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးက စာဖတ်စွမ်းရည်နှင့် ပန်းချီပြိုင်ပွဲများကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်သူများနှင့် ကျောင်းသား ကျောင်းသူအားလုံးကို တာဝန်ရှိသူများမှ အသီးသီးဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များနှင့် မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုအန္တရာယ်သိကောင်းစရာ နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)