လှိုင်းဘွဲ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လူမှုရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆယ်အိမ်စုမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်း၊ ပညာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်း၊ စီးပွားရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်း၊ လူမှုရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ကွက်ကျေးရွာများတွင် ပူးပေါင်းပါဝင်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဟန်နီချို၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က သင်ထောက်ကူပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့က ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကူးစက်ရောဂါလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု လုပ်ငန်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ၊ စီမံချက်လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ မိခင်နှင့်ကလေးစောင့်ရှောင်းရေးအသင်း အဖွဲ့ဝင်(၃၂)ဦးတို့ဖြင့် ဒီဇင်ဘာလ(၁၁)ရက် နေ့မှ ဒီဇင်ဘာလ (၁၃)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)