ကော့သောင်းမြို့ အ.ထ.က(၁)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်း ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်တင်သူဇာလှိုင်မှ ကျောင်းသား၊ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ရဲဝံ့စွာပြောဆိုသည့် အလေ့အထများရှိ လာစေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာ ဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊ အမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက Moderator အဖြစ်ပြုလုပ်၍ (Grade-11) ကျောင်းသား မောင်ခန့်စည်သူဟိန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-11)ကျောင်းသူ မမြတ်သင်းနွယ်က လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-11) ကျောင်းသူ မသွယ်သွယ်မိုးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။ ယင်းနောက် အဆိုပါ ဆွေးနွေးခဲ့သည့် ခေါင်းစဉ်တစ်ခုချင်းစီအလိုက် လူငယ်စကားဝိုင်း အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား‌/သူများက ဆွေးနွေးခဲ့ကြသော အကြောင်းအရာများအပေါ် သိလိုသည်များအား မေးမြန်းခဲ့ကြရာ စကားဝိုင်းဆွေးနွေးကြသည့် ကျောင်းသား/သူများနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)