အုတ်တွင်း ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်နှင့် လွတ်လပ်ရေးသမိုင်းအကြောင်းအရာကို သိရှိစေရန်ရည်ရွယ်၍ဟောပြောခဲ့ရာ “ပြည်သူတစ်ရပ်လုံးမျှော်မှန်းတမ်းတသည့် လွတ်လပ်ရေးကို အရယူနိုင်ပေးခဲ့သည့် သူရဲကောင်းကားညီညွတ်ခြင်းတည်းဟူသောသတ္တိ၊ စည်းလုံးခြင်းဟူသောစွမ်းအင်ဖြစ်ပါ၏။ ထိုသူရဲကောင်းကို သွန်းလောင်းပုံဖော်ခဲ့သည်က ပြည်ထောင်စု၏ဗိသုကာ၊ မြန်မာ့လွတ်လပ်ရေး၏ဖခင်ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်ပါသည်။ ထိုသို့ပုံပေါ်လာသည့်သူရဲကောင်းကို ပိုမိုအားကောင်းခိုင်မာသည်ထက်ခိုင်မာခဲ့စေသည်ကား ဗိုလ်ချုပ်၏ဦးဆောင်မှုနောက်ဝယ် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်း၊ တစ်သွေးတည်း၊ တစ်သားတည်း၊ တညီတညွတ်တည်း အတူတကွကြိုးပမ်းအားထုတ်ခဲ့မှုပင် ဖြစ်ပါသည်။ ထို့ကြောင့်လည်း လွတ်လပ်ရေး၏ရှေ့ပြေးပြယုဂ်ပင်လုံဂုဏ်ပုဒ်ကို ဖော်ထုတ်နိုင်ခဲ့ပြီး လွတ်လပ်သောအာဏာပိုင်ဆိုင်သည့် မြန်မာနိုင်ငံအဖြစ်ပြန်လည်ရပ်တည်နိုင်ခဲ့ခြင်း”ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအလယ်တန်း(ခွဲ) ပဲခူးလမ်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူများ(၃၀)ဦးတက် ရောက်ခဲ့ကြကြောင်းသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)