ကော့သောင်း ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်း ဦးဆောင်၍ ဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ဖြင့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်နှိပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ကော့သောင်းမြို့ရှိ လူစည်ကားရာ နေရာများဖြစ်သည့် မြို့မစျေးကမ်းနားလမ်း၊ မီးသတ်လမ်းဆုံ၊ အဝိုင်းပတ်၊ နန္ဒဝန်စျေး စသည့် နေရာများသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ အပြင်မသွားမီ မီးသတိပြုရမည့်အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများ ပါဝင်သည်။
အသိပညာပေး လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ကျောင်းသားကျောင်းသူ ပြည်သူများပါမကျန် လက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြပြီး မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ရုံးသို့ အချိန်မီ အကူအညီ တောင်းခံနိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ် (191) ပါဝင်သည့် စတေကာများကိုလည်း မော်တော်ယာဥ်များ၌ ကပ်နှိပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)