သံတောင်ကြီး ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော ဖာလာ၊ ကော်ဇီ၊ တညင်း၊ ဒူးရင်းသီး၊ လက်ဖက်စသည့် နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် နှစ်တိုပင်သီးနှံဖြစ်သည့် ငှက်ပျောသီးပင်များကို နှစ်ရှည်ခံပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ငှက်ပျောသီးများကို တစ်နှစ်လျှင် (၃) ကြိမ် ခုတ်ယူနိုင်ပြီး ယခုလတွင် သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအား ကျဆင်းကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် အဓိကစိုက်ပျိုးသော ငှက်ပျောသီး အမျိုးအစားများမှာ သီးမွှေးငှက်ပျောပင်၊ ရွှေနီငှက်ပျောပင်၊ ရွှေဝါငှက်ပျောပင်များဖြစ်ပြီး အဆိုပါ ငှက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀)လခန့်တွင် ငှက်ပျောခိုင်အရင့်များ ဆွတ်ခူးကာ သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့ရှိ ငှက်ပျောသီးအဝယ်ဒိုင်များထံတွင် တင်ပို့ရောင်းချကြသည်။ ငှက်ပျောသီးတစ်ဖီးလျှင် အရွယ်အစားအလိုက် ကျပ်(၁၅၀၀)မှ ကျပ်(၂၀၀၀)အထိ ရရှိပြီး ဝယ်လိုအားကျဆင်းကြောင်း ငှက်ပျောသီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူ ဦးစောကောရှုထံက သိရသည်။
နော်နော်မူ