ပလောက် ဒီဇင်ဘာလ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီ အချိန်က ပလောက်မြို့၊ မြို့မအားကစား ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စစ်ကြောင်းမှူးမှ ဦးဆောင်၍ ဘောလုံးအသင်းများကွင်းအတွင်း စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြု နေရာယူပြီး ဘောလုံးအသင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့်အားကစားဝါသနာရှင်များအားလုံး နိုင်ငံတော်အလံအားအလေးပြုပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်မှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ပြုလုပ်ရခြင်းအား အဖွင့်အမှာစကား ပြောကြားခြင်းနှင့် အားကစားသမားများအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျ ယှဉ်ပြိုင်ကြရန်၊ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ဘောလုံးအားကစားအသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဘောလုံးအားကစားပြိုင်ပွဲတွင် ပလောက်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာ၊ အုပ်စုအသီးသီးမှ ဘောလုံးအသင်း (၉)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယနေ့ဖွင့်ပွဲ အပြီးတွင် အမှတ်(၂)ရပ်ကွက်အသင်းနှင့် နန်းသီလာကျေးရွာအသင်းအား အားကစားပွဲ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးသွင်စည်သူကျော်ထွေးမှ ဘောလုံးကန်၍ စတင်ပေးခဲ့သည်။ ဘောလုံးပြိုင်ပွဲတွင် အုပ်စု(က)၊ အုပ်စု(ခ) သတ်မှတ်၍ (၁၀-၁၂-၂၀၂၄) ရက်နေ့မှ (၄-၁-၂၀၂၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ကျင်းပရာသို့ ပလောက်တပ်နယ်မှ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)