မြိတ် ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က မြိတ်မြို့ရှိ လူစည်ကားရာဈေးများ၊ ကားဂိတ်များနှင့် ဆိုင်ကယ်ဂိတ်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့များ၊ ခရိုင်ဘေးစီမံအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား မီးဘေးလုံခြုံရေး အတွက် စုပေါင်း၍ နှိုးဆော်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် မီးနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ အပြင်မသွားမီ မီးသတိပြုရမည့်အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများ ပါဝင်သည်။
ထို့နောက် အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူ ပြည်သူများပါ မကျန်လက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြပြီး မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ရုံးသို့ အချိန်မီ အကူအညီတောင်းခံနိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ် (191) ပါဝင်သည့် စတေကာများကိုလည်း မော်တော်ယာဥ်များ၌ ကပ်နှိပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)