ထားဝယ် ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာများဖြစ်သည့် ထားဝယ်မြို့မစျေးကြီးနှင့် ကမ်းနားစျေးဦ ဆိပ်ကမ်းသာလမ်းတို့တွင် ဈေးသူ/ဈေးသားများ၊ ခရီးသွားလာပြည်သူများနှင့် ဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ယမန်နေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးစာစောင်တွင် မီးလောင်ကျွမ်းမှုဖြစ်စေ/ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည်ဖြစ်စေ မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ် ဖြစ်ပွားမှု လျှော့နည်းစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူး ဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန် အချက်များ၊ လျှပ်စစ်မီးအသုံးပြုလျှင် သတိပြုရမည့်အချက်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု မှတ်တမ်းဓာတ်ပုံများ၊ မီးသတ်ဦးစီးဌာနမှ မီးဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံများနှင့် တိုင်းဒေသကြီးအတွင်း မီးလောင်ဆုံးရှုံးမှု အခြေအနေများ စသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များကို ကျယ်ပြန့်စွာ ဝေငှဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)