မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် စာကြည့်တိုက်အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာရှိ ပညာဘဏ်တိုက်စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ကကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က စာကြည့်တိုက်အဆောက်အဦးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထိူ့နောက် စာကြည့်တိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်း၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ စာကြည့်တိုက်အဆောက်ဦးသစ်ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဌာနဆိုင်ရာများ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ ဒေသခံပြည်သူများ၊ကျောင်းသားလူငယ်များနှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေဖြင့်လည်းကောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံအသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသားစာကြည့်တိုက်များအတွက် ပရိဘောဂအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ၊ ရသစာအုပ်စာပေလှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် စာကြည့်တိုက်ကို  အကျိုးရှိစွာ အသုံးချပြီး စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှင်သန်လည်ပတ်ဆောင်ရွက်ရေး၊ ပရိဘောဂစာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှုမရှိစေရေးနှင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းပြီး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် မြို့သစ်မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က စာကြည့်တိုက်နှင့်ပတ်သက်သည့် အချက်အလက်များအား လွှဲပြောင်းပေးအပ်ရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးမောင်ညိုက လက်ခံရယူခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ပညာဘဏ်တိုက်စာကြည့်တိုက်အဆောက်အအုံသစ်အား မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီက ခွဲဝေပေးသည့် ငွေကျပ် (၁၅၀)သိန်း၊ ဒေသခံပြည်သူများက လှူဒါန်းငွေကျပ် (၃၃) သိန်း စုစုပေါင်း ငွေကျပ် (၁၈၃) သိန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံသစ် (၂၁)ခုအား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက်အပါအဝင် စုစုပေါင်းစာကြည့်တိုက် (၉)တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း (မြို့သစ်)