ဟားခါး ဒီဇင်ဘာ ၁၀
၂၀၂၄−၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်း၊ မူလွန်ကျောင်း(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၇)ကျောင်း စုစုပေါင်းကျောင်း(၁၃)ကျောင်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးများတွင်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကြည့်ရှုအားပေးသည်။
ကာကွယ်ဆေးများကို ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် ကျောင်းသူ(၂၂၄)ဦးကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး၊ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူ (၃၂၈)ဦးကို ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မွန်းလွဲ ၁ နာရီက ကျင်းပရာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တက်ရောက်ပြီး လွတ်လပ်ရေးနေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေးအတွက် အားလုံးညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ရန်လိုကြောင်း ၊ ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် မိမိတို့ကော်မတီအလိုက် အကောင်းဆုံး ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်မှုတိုင်းကို ပြန်လည်သုံးသပ်စေလိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ လုပ်ငန်းတာဝန်များလည်း သတ်မှတ်ထားပြီးဖြစ်၍ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စည်းစည်းလုံးလုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက်အစည်းအဝေးတက်ရောက်လာကြသည့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ အလံတင်အခမ်းအနားနှင့်စစ်ရေးပြဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေးဆပ်ကော်မတီများမှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ရမည့်အစီအမံနှင့် တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။
ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးကျော်ငြိမ်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက် )