ပခုက္ကူ ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆောင်းသီးနှံများ၊ ရာသီပေါ်သီးနှံများစိုက်ပျိုးကြသည့်အပြင် သပြေပန်းကို တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ဒေသထွက်သပြေပန်းများဖြစ်သည့် အောင်သပြေ၊ အာဆီယံသပြေ(ခေါ်)ပတ္တမြားသပြေ၊ ကိုးရီးယား(ခရမ်း၊ အဝါ)သပြေ၊ ကံ့ကော်သပြေနှင့် ရွှေဝါသပြေပန်းများအပြင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်မှထွက်ရှိသော ရက်တစ်ရာသပြေငုတ်များ၊ နေပြည်တော်မှထွက်ရှိသော သပြေငုတ်များကို ရွာသစ်ကုန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ စံပယ်ကုန်း၊ ကျွန်းဦးနှင့် ကျွန်းညိုကြီး ကျေးရွာများတွင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ကံ့ကော်သပြေနှင့် ရွှေဝါသပြေပန်းလက်စည်းတစ်စည်းကို ငွေကျပ် ၃၀၀၊ ကိုင်းတုတ်တစ်စည်းကို ငွေကျပ် ၅၀၀၊ ကျောက်ဆည်ရက်တစ်ရာသပြေငုတ်တစ်စည်းကို ငွေကျပ် ၃၀၀၀ မှ ၄၀၀၀၊ မြင်းခြံရက်တစ်ရာသပြေငုတ်တစ်စည်းကို ငွေကျပ် ၃၅၀၀၊ နေပြည်တော်ရက်တစ်ရာ သပြေငုတ်မှာ အကြီးအသေးအပေါ်မူတည်၍ အငုတ်ကြီးတစ်ငုတ်ကို ငွေကျပ် ၂၅၀၀၊ အလတ်ငုတ်တစ်ငုတ်ကို ငွေကျပ် ၁၀၀၀ မှ ၁၅၀၀၊ အသေးငုတ်တစ်ငုတ်ကို ငွေကျပ် ၈၀၀၊ အငုတ်သေးလက်စည်းတစ်စည်းကို ငွေကျပ် ၁၀၀၀ နှုန်းတို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ သပြေငုတ်များမှာ ခိုင်ခန့်ပြီး ရေရှည်အထားခံခြင်းကြောင့် နေ့စဉ် အလုံး ၂၀ ခန့် ဝင်ရောက်လျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာဈေးသည်များထံမှ သိရသည်။
ပခုက္ကူမြို့နယ်တွင် သပြေပန်းများအပြင် လိပ်ပြာကြား၊ သရဖူ၊ ဂျူးစတား၊ ဂန္ဓာမာစသည့် ရောင်စုံပန်းများ၊ ဒေသစားသုံးသီးနှံများဖြစ်သည့် ပဲမျိုးစုံ၊ ပြောင်း၊ ခရမ်းသီး၊ ငရုတ်သီး၊ ခရမ်းချည်သီးများကိုလည်း ရာသီအလိုက် နှစ်စဉ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)