ဘားအံ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၇/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြေပြင်အမှန်တကယ် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများကိုသာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထုတ်ချေးပေးစေလိုပြီး အတည်ပြုစိစစ်ထုတ်ပေးထားသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ခရိုင်၊ မြို့နယ်အဆင့် ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီများက မြေပြင်ကွင်းဆင်း စိစစ်ကြပ်မတ်ပေးရန် အလေးအနက်ထားတိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ယခင်အပတ် (၆/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ခရိုင်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ခဲ့သည့် လုပ်ငန်းများ၏အခြေအနေ၊ ယခင်နှစ်နှိုင်းယှဉ်ချက်၊ ချေးငွေထုတ်ချေးပြီးစီးမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)