ဘားအံပညာရေးဒီဂရီကောလိပ် ပထမနှစ်သင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင် ကြိုဆို

ဘားအံ ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် (၄) နှစ် သင်ပညာရေးဒီဂရီကောလိပ် (ပထမ) နှစ်သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံပညာရေးဒီဂရီကောလိပ်ကို ရွေးချယ်တက်ရောက်လာကြသည့် မောင်မယ်သစ်လွင်များကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ဆရာ့အတတ်ပညာရပ်များကို ဆည်းပူးလေ့လာသင်ယူ၍ လက်တွေ့ဘဝနှင့် ပေါင်းစပ်/ ဆက်စပ်သင်ယူနိုင်သော စဉ်းစားတွေးခေါ်သင်ကြားပို့ချပေးနိုင်သော ဆရာ၊ ဆရာမကောင်းများအဖြစ် မိမိကိုယ်မိမိပြုစုပျိုးထောင်ကြစေလိုကြောင်း ပြောကြားပြီး မောင်မယ်သစ်လွင်များအတွက် ငွေကျပ် ၉ သိန်းကို ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား၊ သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဘားအံပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ်မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး တက်ရောက်လျက်ရှိပြီး ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၇၃ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မောင်မယ်သစ်လွင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)