ကလေးစာပေပွဲတော်(ကန့်ဘလူ)၊ ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော် ဖဲကြိုးဖြတ်ဖွင့်လှစ်

ကန့်ဘလူ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(ကန့်ဘလူ)၊ ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် ဘင်ခရာ (၇) ဖွဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှိုင်မြင့်ဟန်၊ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်၊ ထူးချွန် ကျောင်းသား၊ ကျောင်းသူ မောင်ဟိန်းထက်ဝင်း၊ မခိုင်ဇာလင်းတို့က ကင်းထောက်မောင်မယ်၊ ကျောင်းသား၊ ကျောင်းသူ(၂၀၀) ဦး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ ခြံရံလျက် ကလေးစာပေပွဲတော် မုဒ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကန့်ဘလူမြို့တွင် ကျင်းပသော ကလေးစာပေပွဲတော်တွင် ကလေးများ စာအုပ်စာပေကို နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်တွင် ပျော်ရွှင် ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ဖြစ်လာစေရန်၊ ပညာ ဗဟုသုတနှင့် ကိုယ်ရည်ကိုယ်သွေးများ ပြည့်ဝပြီး အနာဂတ်မှာ တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန်၊ ကျောင်းနေအရွယ် ကလေးငယ်များ စာပေပွဲတော်ကို ကျယ်ပြန့်စွာသိရှိပြီး အများစု ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန်၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ခရိုင်အဆင့် ကလေးစာပေပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ (၅) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းနှင့် ကလေးစာပေပွဲတော် ကျင်းပရခြင်း  ရည်ရွယ်ချက်များကို ပြောကြားသည်။

ဆက်လက်ပြီး ကန့်ဘလူခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထူးမောင်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ဆုအဆင့်မြင့်ဘော်ဒါမှ ကျောင်းသား၊ ကျောင်းသူလေးများက အပျိုတော်ယိမ်း တေးသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ကာဘိုး)မှ ကျောင်းသား၊ ကျောင်းသူ လေးများက ငြိမ်းချမ်းရေး လိုတယ် တေးသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်ထောင်စုအင်အား တေးသီချင်းဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တာဝန်ရှိသူများက ကလေးစာပေပွဲတော်၊ ကလေး စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော်တွင် ကျင်းပလျက်ရှိသည့် ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင် ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကလေးစာပေပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကလေးစာပေပွဲတော်(ကန့်ဘလူ)ကို ဇန်နဝါရီလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့တို့တွင် နံနက်(၉) နာရီမှ ညနေ(၄)နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ကလေးစာပေပွဲတော်သို့ မည်သူမဆို ပါဝင်ဆင်နွှဲနိုင် ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)