ထားဝယ် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသတွင်းက ခရီးစဉ်နေရာအသီးသီးတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်နိုင်ခဲ့သည်မှာ (၁၆) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ဟိုတယ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်တည်ဆောက်ခွင့်ပြု (၁၅) ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် (၁၄) ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်အသစ် (၃) ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ် (၂၅) ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ် (၃) ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် (၅၅) ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၃၈) ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းအတွက် ခွင့်ပြု (၈) ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၃၂) ခု၊ ဒေသဆိုင်ရာဧည့်လမ်း ညွှန်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၈၂) ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုအချိန်အခါတွင် ခရီးသွားရာသီရောက်ရှိနေပြီး ဖြစ်သည့်အတွက်ကြောင့် တိုင်းဒေသကြီးအတွင်း ကော့သောင်းဒေသတွင် ထိုင်းနိုင်ငံဘက်မှ လာသော ခရီးသွားဧည့်သည်များ မြိတ်တွင် ပြည်တွင်းခရီးသွားလာဧည့်သည်များရှိကြောင်း၊ သက်ဆိုင်ရာဟိုတယ်များ၊ ဟိုတယ်လုပ်ငန်းနှင့်ဆက်စပ်နေသူများ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသူများအနေဖြင့် ဝင်ရောက်လာသော ခရီးသွားဧည့်သည်များကို ပြည့်စုံကောင်းမွန်သည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဒေသအလိုက် ထားဝယ်ဒေသတွင် ပြည်တွင်းခရီးသွားလာဧည့်သည်များ၊ မြိတ်ဒေသတွင် ပြည်တွင်းခရီးသွားနှင့် ထိုင်းနိုင်ငံဘက်မှ လာသောခရီးသွားဧည့်သည်များ၊ ကော့သောင်းတွင် ပြည်ပမှလာသော ခရီးသွားဧည့်သည်များအား ပြည့်စုံသောဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အလားလာရှိသော ခရီးစဉ်အသစ်များ ဖော်ထုတ်ရန် လိုအပ်ပြီး အဆင်ပြေလွယ်ကူစွာ လည်ပတ်သွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကော်မတီများအနေဖြင့် ဝိုင်းဝန်းပြီးအကောင် အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှ ဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်