ကလိန်အောင် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် ပြောင်းဖူးအပင်များကို စိုက်ပျိုးကြရာ ပြောင်းဖူးပေါ်ချိန်၌ အထွက်နှုန်းနည်းပါး၍ ဈေးကောင်းရရှိကြကြောင်း ကလိန်အောင်မြို့ ပြောင်းစိုက်တောင်သူ၏ ပြောကြားချက်အရ သိရသည်။
“ကျနော်တို့ဒေသမှာတော့ သကြားပြောင်းနှင့် ကောက်ညှင်းပြောင်းဟူ၍ နှစ်မျိုးကို စိုက်ပျိုးကြပါတယ်၊ ဒီနှစ်မှာတော့ ပြောင်းဖူးက အောင်မြင်ဖြစ်ထွန်းမှုမရှိဘဲ အထွက်နှုန်း နည်းသွားတယ်၊ ပြီးတော့ ပြောင်းဖူးအစေ့အပင်အောင်မြင်လာတာနဲ့ ကြွက်တွေက စားလိုက်ဆိုတော့ မျိုးစေ့ပြန်ဝယ်ပြီး ပြန်စိုက်ပျိုးရတယ်၊ ပြောင်းဖူးမျိုးစေ့ကလည်း အရင်နှစ်ကထက်ဈေးက နှစ်ဆပိုကြီးလာတယ်” ဟု ပြောင်းဖူးစိုက်တောင်သူတစ်ဦးက ပြောသည်။
ကလိန်အောင်မြို့တွင် ပြောင်းဖူးအပင်များကို ဆောင်းရာသီမှ စတင်စိုက်ပျိုးကြပြီး သုံးလလောက်အကြာတွင် အဖူးထွက်ပြီး ခူးဆွတ်ရောင်းချရတယ်ဟု ဒေသခံပြောင်းစိုက်တောင်သူထံမှ သိရသည်။
အရင်နှစ်ကတွင် ကလိန်အောင်မြို့မှ ထွက်ရှိသော ပြောင်းဖူးများကို ထားဝယ်မြို့နှင့် ကံပေါက်ဒေသတို့ကို တင်ပို့ရောင်းချလျက်ရှိပြီး ဒီနှစ်တွင် မြို့ကြီးသို့ တင်ပို့ရောင်းချမှု နည်းပါးသွားပြီး ဒေသအတွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
မနှစ်က ပြောင်းဖူးပေါ်ချိန်တွင် ဈေးနှုန်းမှာ တစ်ဖူးကို ငွေကျပ် ၃၀၀၊ ၂၀၀ လောက်ရရှိပြီး လက်ရှိပြောင်းဖူးဈေးနှုန်းမှာ အရွယ်အစားအလိုက် သကြားပြောင်းတစ်ဖူးလျှင် ငွေ ၁၀၀၀၊ ၈၀၀ ကျပ်ဖြင့် ရောင်းချရကြကြောင်း သိရသည်။
ပြောင်းဖူးအပင်များကို ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာ၊ မိကျောင်းလှောင်၊ ကျောက်ရှပ် စသည့်ကျေးရွာများတို့က စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)