လိပ်သို ဒီဇင်ဘာ ၁၀
ခရစ်သက္ကရာဇ် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev.Fr မာတင်ဝင်းဦး၏ အဖွင့် ဆုတောင်းမေတ္တာနှင့် Grade-8 နှင့် Grade-9 မှ ကျောင်းသား/ကျောင်းသူတို့၏ “ လောကဝမ်းမြောက် ဘုရားကြွလာ” သီချင်းဖြင့် အခမ်းအနားကို စတင်ခဲ့ကြောင်း သိရသည်။
ဆုတောင်းပွဲတွင် တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်နော်ဒိုနီးရှာက ခရစ္စမတ်နှုတ်ခွန်းဆက် အမှာစကား ပြောကြားခြင်း၊ Rev.Fr မာတင်ဝင်းဦးက ခရစ္စမတ်သတင်းကောင်း ဟောကြားခြင်း၊ ကရင်နှစ်ခြင်းအသင်းတော်မှ ဆရာဂစ်ပဆင်က ခရစ္စမတ်သတင်းကောင်း တရားဒေသနာဝေငှခြင်း၊ ရန်ကြီးအောင်ကျောင်းတိုက်ဆရာတော် ဦးဣဿရိယက ဦးဆောင်၍ အ.ထ.က ကျောင်းအတွက် အန္တရာယ် ကင်းပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဇာယ်ခြင်း၊ ကက်သလစ်ဘုန်းတော်ကြီး (၃) ပါးက ကျောင်းအဆောက်အဦးများအား မင်္ဂလာရေများ ပက်ဖျန်းပေးခြင်း၊ Grade-8 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများက “ တိတ်ဆိတ်ညသန့်ရှင်းည” အပိတ်သီချင်း သီဆိုချီးမွမ်းခြင်း၊ Rev.Fr မာတင်ဝင်းဦးနှင့် Fr.ယောဟန် အယ်ကွီးတို့က ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအားလုံးအတွက် အထူးဆုတောင်းပေးခြင်း၊ ခရစ္စမတ်ကောင်းချီးမင်္ဂလာ ပေးခြင်းတို့ဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်ပြီး ဆရာတော်များ၊ ဘုန်းတော်ကြီးများနှင့် ဧည့်သည်တော်များအား ခရစ္စမတ် မိတ်သဟာရဖွဲ့ခြင်း၊ ခရစ္စမတ်လက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မူလတန်းကျောင်းသား/ ကျောင်းသူများအတွက် ခရစ္စမတ်ဝတ်ပြု ဆုတောင်းပွဲကိုလည်း ဆက်လက်ပြုလုပ်ပေးခဲ့ရာ ဧဝံဂေလိအသင်းတော်မှ ဓမ္မအမှုတော်ဆောင်ဆရာဒေးဗစ် ကျော်ဇင်ဦးက ခရစ္စမတ်သတင်းကောင်းအား ဝေငှခြင်း၊ ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းခရစ္စမတ်တေးသီချင်းများဖြင့် သီဆိုကျူးဧခြင်း၊ တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခြင်း၊ Rev.Fr ကျော်စိန်ဝင်းက ခရစ္စမတ်ဩဝါဒမြွက်ကြားခြင်းနှင့် ဆုတောင်း ကောင်းချီးပေးခြင်းတို့ကို ပျော်ရွင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်