မကွေး ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှကော်မတီ၏ ပန်းခင်းစီမံချက် အဆင့်(၃) Final Phase အစီအမံအရ မကွေးမြို့နယ်အတွင်း အဆိုပါစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ရပ်ကွက်ကျေးရွာအုပ်စုများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မကွေးမြို့၊ စုပေါင်းရုံးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်၊ ကျေးရွာမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ နင့် ဒေသခံပြည်သူများတက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ပန်းခင်းစီမံချက်၊ အဆင့်(၃)အရ မကွေးမြို့နယ်အတွင်း အထူးအစီအမံအနေဖြင့်ဆောင်ရွက်ခဲ့ကြသည့် အသက်(၁၈)နှစ်ပြည့်ပြီး မည်သည့်လက်မှတ်မျှကိုင်ဆောင်ထားခြင်းမရှိသူများအား သက်ဆိုင်ရာလဝကရုံးများနှင့် လိုအပ်သည့်နေရာဒေသများသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးကာ ပြည်သူများလက်ဝယ်သို့ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လာမည့်ရွေးကောက်ပွဲမှာဆန္ဒမဲပေးနိုင်ဖို့ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် မရှိမဖြစ်လိုအပ်ချက်တစ်ခုလည်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်၌ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများ၊ မပြုလုပ်ရသေးသူများရှိပါက နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ကြဖို့အတွက် သက်ဆိုင်ရာကော်မတီများ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနဲ့ ပြည်သူများအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဝင်းရဲထွန်းက မကွေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အဆင့်(၃) Final Phase အစီအမံအရဆောင်ရွက်လျက်ရှိသော လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်ရာ ဒေသခံပြည်သူများက အသီးသီးလက်ခံရယူခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်၊ အဆင့်(၃) Final Phase အစီအမံအရ အသက်(၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်တစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီအနေဖြင့် ဩဂုတ်လ ၁ ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကာ မကွေးမြို့နယ်အနေဖြင့် ယခုအချိန်ထိ ပြည်သူ(၅၀၉၈)ဦး အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)