ပုလောမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုလော ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန်နှင့် အရေးပေါ်အခြေအနေတွင် လွယ်ကူစွာ ဖြေရှင်းနိုင်ရန် ရည်ရွယ်၍  မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက် ၇ နာရီခွဲက မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုလောမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်ဇင်ထိုက်နှင့် အရန်မီးသတ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြစောနွယ်၊ မြို့နယ် အမျိုးသမီး ရေးရာ ဥက္ကဌ ဒေါ်စန်းယူမေ နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေးပညာပေးစာစောင်တွင် မီးလောင်ကျွမ်းမှုဖြစ်စေ/ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည်ဖြစ်စေ မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေး အန္တရာယ်ဖြစ်ပွားမှု လျှော့နည်းစေရန်ဆောင်ရန် / ရှောင်ရန်အချက်များ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူး ဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန် အချက်များ၊ လျှပ်စစ်မီးအသုံးပြုလျှင် သတိပြုရမည့်အချက်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ မီးသတ်ဦးစီးဌာနမှ မီးဘေးသရုပ်ပြ ဇာတ်တိုက် လေ့ကျင့်မှု မှတ်တမ်းဓါတ်ပုံများနှင့် တိုင်းဒေသကြီးအတွင်း မီးလောင်ဆုံးရှုံးမှုအခြေအနေများ စသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ပါဝင်သည်။

အေးအေးမော်(ပုလော)