ဘားအံ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်အတွင်း ယခုနှစ် ဇူလိုင်လတွင်တစ်ကြိမ်၊ စက်တင်ဘာလတွင်တစ်ကြိမ် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေချောင်းရေကြီးခြင်းနှင့်အတူ ရေကြီးရေလျှံ သဘာဝဘေးဒဏ်ကြောင့် လူနှင့်တိရစ္ဆာန်များ ရေဘေးဒဏ်ခံစားခဲ့ရပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီက နွားများသေဆုံးမှုကို ပြန်လည်ဖြည့်ဆည်းရေးအတွက် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တိရစ္ဆာန်နှင့် ဆေးများထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ တိရစ္ဆာန်နှင့်ဆေးဝါးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ထိခိုက်ပျက်စီးမှုများကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးသည့်အတွက် မွေးမြူရေးလုပ်ငန်းများ အမြန်ပြန်လည်ထူထောင်နိုင်ပြီး ဆုံးရှုံးသူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးလာစေမည်ဖြစ်၍ နိုင်ငံတော်၏ စေတနာကိုနားလည်ပြီး မွေးမြူရေးလုပ်ငန်းများကို ပိုမိုအောင်မြင်အောင် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သဘာဝဘေး ရေကြီးနစ်မြုပ်မှုကြောင့် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့မှ သေဆုံးခဲ့သည့် နွား(၂၂)ကောင်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ နွားတစ်ကောင်ကို ငွေကျပ် ၇ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၅၄ သိန်း၊ ငွေကျပ် ၃ သိန်းခန့်တန်ဖိုးရှိ ကုသဆေး၊ အားဆေး၊ ပိုးသတ်းဆေးများ၊ တိရိစ္ဆာန်အစာပင်စိုက်ပျိုးရန် တစ်ဧက ၁၀၅၅၀၀ဝိ/-နှုန်းဖြင့် ၁၂ ဧကအတွက် ငွေကျပ် ၁၂၆၆၀၀၀ဝိ/-တို့ကို ထောက်ပံ့ပေးအပ်ကြရာ မွေးမြူရေးတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် မွေးမြူရေး တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး သေဆုံးနွားများအတွက် ထောက်ပံ့ပေးမည့်နွားများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)