လိပ်သိုမြို့တွင် အသင်းတော်အခြေပြု ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး (ECCD) ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်

လိပ်သို ဒီဇင်ဘာ ၁၀

ဂေခိုဂေဘားနှစ်ခြင်းသာသနာ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက အသင်းတော်အခြေပြုကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး (ECCD) ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အဖွင့်ဆုတောင်းခြင်းနှင့် မူကြိုဆရာမ နော်ဟေးလ်ဒါနှင့် ဆရာမ မူးခိုဖောတို့အား ကျေးဇူးတင်ဂုဏ်ပြုဆုတောင်းပေးခြင်း၊ တောင်ငူဂေခိုဂေဘား နှစ်ခြင်းသာသနာခရစ်ယာန်ဓမ္မပညာဌာနမှ ဒါရိုက်တာ ဆရာမနော်ဂရေ့စ်ထွန်းက အမှာစကားပြောကြားခြင်း၊ အသင်းအုပ်ဆရာ စောမြင့်ထွန်းက တရားဒေသနာဟောကြားပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး မူကြိုကလေးငယ်များက သမ္မာကျမ်းစာအလွတ်ရွတ်ဆိုခြင်း၊ ပဌာနာတော်အား ရွတ်ဆိုဆုတောင်းခြင်းနှင့် တေးသီချင်းများကို အမူအယာနှင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် ဆရာမနော်ဂရေ့စ်ထွန်းက ဘွဲ့ရကလေးငယ် (၁၀) ဦးအား ဂုဏ်ပြုဘွဲ့လက်မှတ်များ ချီးမြှင့်ခြင်း၊ ဓမ္မဆရာစောဂစ်ပ်ဆင်က မူကြိုကလေးငယ်အားလုံးအတွက် အထူးဆုတောင်းပေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော မိဘများကလည်း ကလေးငယ်များအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်းနှင့် မိတ်ဆုံစားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်