ထားဝယ်မြို့တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းအစည်းအဝေး ကျင်းပ

ထားဝယ် ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ Hotel Dawei ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် ဆောင်ရွက်ခြင်းဖြင့် ဟိုတယ်ဝန်ထမ်းများနှင့် တည်းခိုနေသော ဧည့်သည်များအနေဖြင့် ငလျင်ဘေးဖြစ်ပွားလာပါက စနစ်တကျ တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများ သိရှိနားလည်ပြီး ငလျင်ဘေးနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များကို သိရှိသွားမှာဖြစ်ကြောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများစွာကို ဖြန့်ဝေပေးနိုင်သည်နှင့်အမျှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်အတွက် အလေးဂရုပြုမှုများ တိုးမြှင့်လာမှာ ဖြစ်ကြောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအနေဖြင့် ဘေးကင်းလုံခြုံမှုကိုတိုးမြှင့်နိုင်မှာ ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ခြင်းမှသည်ပြည်သူအားလုံးဘေးကင်းလုံခြုံမှုဆီသို့" ဆောင်ပုဒ်အတိုင်း တစ်ဦးတစ်ယောက်ချင်းမှသည်အဆင့်ဆင့်အသိပညာများ လက်ဆင့်ကမ်း ဖြန့်ဝေသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝင်းဥမ္မာက ပြည်သူများအနေဖြင့် ငလျင်နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် မီးဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ဆောင်ရွက်တတ်စေရန်၊ ငလျင်နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်မှုများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်တတ်စေရန်၊ ငလျင်နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် မီးဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ကြိုတင်သတိပေးခြင်း လုပ်ငန်းများအား သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ပြည်သူများ ကိုယ်တိုင် ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းစဉ်များတွင် ကိုယ်တိုင် ဦးဆောင်လုပ်ကိုင်တတ်စေရန်နှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတာဝန်ခံများက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပူးပေါင်းရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)