ကျွန်းစု ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်း (၅)ရက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ကမ်းကြီးကျေးရွာအုပ်စု၊ မရွှေဦး ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း က ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းထွန်းက သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သင်တန်းကို ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၉)ရက်နေ့ မှ ဒီဇင်ဘာလ (၁၃)ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းကို သင်တန်းသူ (၂၀)ဦးအား စာတွေ့ လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းကြီးကျေးရွာ၌ တစ်လုံးထိုး ဒီဇယ်အင်ဂျင်စက်ပြင် (၁)လ သင်တန်း၊ ကပကျေးရွာ၌ ဆိုင်ကယ်စက်ပြင် (၁)လ သင်တန်း၊ သဲအော်ကျေးရွာ၌ အခြေခံအပ်ချုပ်စက် (၂)လ သင်တန်းတို့ကို ဖွင့်လှစ်ပြီးဖြစ်၍ ယနေ့တွင် စတုတ္ထအကြိမ်မြောက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ သင်တန်းဖြစ်သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာ (၅)ရက်တာ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)