သရက်ချောင်း ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူစွာဖြေရှင်းနိုင်ရန်အတွက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီခွဲအချိန်၌ သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်း/ အပြင်နှင့် မြိတ်-ထားဝယ်ကားလမ်းမပေါ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
မီးဘေးလုံခြုံရေးပညာပေးစာစောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်စေ/သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည်ဖြစ်စေမီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုလျှော့နည်းစေရန်ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လျှပ်စစ်မီးအသုံးပြုလျှင် သတိပြုရမည့်အချက်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ မီးသတ်ဦးစီးဌာနမှ မီးဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု မှတ်တမ်းဓါတ်ပုံများနှင့် တိုင်းဒေသကြီးအတွင်း မီးလောင်ဆုံးရှုံးမှုအခြေအနေများ စသည့်စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများပါဝင်သည်။ အဆိုပါ (ပထမအကြိမ်)မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၇၆၀၀)စောင်အား ဖြန့်ဝေခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)