သံတောင်ကြီး ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် ဒေသဖြစ်သည့်အားလျော်စွာ ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့၏ ဘာသာစကားများ တတ်မြောက်စေရန် ရိုးရာဓလေ့ထုံးတမ်း ယဉ်ကျေးမှုများကို သိရှိပြီး အလေးထားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စကောကရင်ဘာသာရွတ်ပြိုင်ပွဲ ဒီဇင်ဘာ ၈ ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက အမှာစကား ပြောကြားပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား အမှတ်ပေးတိုင်ချုပ်ဖြစ်သည့် ဦးစောဖိုးသဲစွဲက ပြောကြားပေးခဲ့သည်။
ဆက်လက်ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စကောကရင်ဘာသာ ကဗျာရွတ်ပြိုင် ပွဲကိုပြုလုပ်ရာ ကျောင်းသူ/ကျောင်းသား(၅၀)ဦးတို့က ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသူ/ကျောင်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ