စစ်ကိုင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

စစ်ကိုင်း ဒီဇင်ဘာ ၁၀

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (သောတပန်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းအောင်က အနာဂတ်တွင် နိုင်ငံတော်မှ အားထားရမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ဗလငါးတန်နှင့် ပြည့်စုံစေ‌ရန်၊ အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရန်၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုကြရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက ဖန်တီးကြရေးစသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန် ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များစသည့် သိကောင်းစရာများကိုလည်းကောင်း၊ ဆွေးနွေးဟောပြောခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)