ပြည်မြို့၌ အမျိုးသားစာပေဆုရှင် ဒေါက်တာမောင်သင်း (ပါမောက္ခချုပ် - ငြိမ်း) နှင့် ပြည်မြို့နယ်စာရေးအသင်းဝင်များတွေ့ဆုံ၍ သုတ/ရသစာပေဆိုင်ရာနှင့် စာကြည့်တိုက်များဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ ဆွေးနွေး

ပြည် ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံး၊ Community centre ၌ ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက အမျိုးသားစာပေဆုရှင် ဒေါက်တာမောင်သင်း (ပါမောက္ခချုပ် - ငြိမ်း)နှင့် ပြည်မြို့နယ်စာရေးအသင်းမှ စာရေးဆရာ၊ ဆရာမများတွေ့ဆုံ၍ သုတ/ရသစာပေဆိုင်ရာနှင့် စာကြည့်တိုက်များဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစာပေဆုရှင် ဒေါက်တာမောင်သင်း (ပါမောက္ခချုပ် - ငြိမ်း)က နုတ်ခွန်းဆက်မိတ်ဆက်စကားပြောကြားပြီး ၎င်း၏ သုတ/ရသစာပေဆိုင်ရာ အတွေ့အကြုံများအကြောင်းနှင့် ခေတ်အလိုက်စာပေအပေါ် ရှုမြင်သုံးသပ်ချက်များအကြောင်းအပါအဝင် နိုင်ငံတော်မှ လူငယ်ကဏ္ဍမြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်းနှင့် စာရေးသူတို့အနေဖြင့် လူငယ်များအတွက် စာပေအဆိပ်အတောက်မဖြစ်စေရေးအလေးထား ဂရုပြုဆောင်ရွက်သင့်သည့်အကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးနှင့် အနာဂတ်ဘဝများ အေးချမ်းသာယာလှပစေရေးအတွက် အခြေခံပညာမူလတန်းမှစ၍ ရုပ်ပုံများဖြင့် စာဖတ်သည့်အလေ့အကျင့်နှင့် တစ်ဆင့်ထက်တစ်ဆင့် စာပေကိုရင်းနှီးကျွမ်းဝင်မှုရှိလာ‌ပြီး မိမိတို့နှစ်သက်ရာ စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှုတတ်လာအောင် ပြုစုပျိုးထောင်ရေးအကြောင်း၊ ထိုမှတစ်ဆင့် ၎င်းတို့၏ ကျောင်းပြင်ပဘဝတစ်သက်တာအထိ စဉ်ဆက်မပြတ် သုတ/ရသစာပေဖတ်ရှုလေ့လာမှုတွင်မွေ့လျော်ကာ နောင်အစဉ်အဆက်စာဖတ်ချင်သည့် လူ့အဖွဲ့အစည်းများဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးအကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာ ယဉ်ဝေလွင်နှင့် အဖွဲ့ဝင်စာရေးဆရာ၊ ဆရာမများက တစ်ဦးချင်းမိတ်ဆက်ကြပြီး မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်နေမှု၊ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းပေးမှု၊ ကျောင်းသား၊ ကျောင်းသူများကို ကဗျာပြိုင်ပွဲများကျင်းပပေးပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ပေးမှုအကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုအကြောင်းတို့ကို အသီးသီးဆွေးနွေးတင်ပြကြပြီး မြို့နယ်စာရေးဆရာအသင်းဝင်တစ်ဦးက မျက်မှောက်ကာလနည်းပညာခေတ်တွင် လူငယ်အများစု စိတ်ဝင်တစားအသုံးပြုနေသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတစ်ဆင့် လူငယ်များ အလွယ်တကူစာပေဖတ်ရှုနိုင်ရန် စာရေးဆရာများက စာပေများရေးသားတင်ဆက်ရေးအကြောင်းကို အကြံပြုဆွေးနွေးတင်ပြသည်။

အဆိုပါဆွေးနွေး/အကြံပြုတင်ပြချက်များအပေါ် အမျိုးသားစာပေဆုရှင် ဒေါက်တာမောင်သင်းက ကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး ပြည်မြို့နယ်စာရေးဆရာအသင်း၏ တက်ကြွစွာ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်နေမှုအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများကိုလည်း အားဖြည့်ကူညီချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာသူကြများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)