မြန်အောင်မြို့နယ် သမဝါယမအသင်းစုမှ ရေဆင်းစပ်မျိုး(၁)နေကြာ ၅(ဧက) စံပြစိုက်ခင်း စိုက်ပျိုးပွဲကျင်းပ

မြန်အောင်    ဒီဇင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သမဝါယမဦးစီးဌာန၊ မြို့နယ် သမဝါယမအသင်းစုမှမြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၉၊ ဦးပိုင်အမှတ် ၁၂၉၊ တောင်သူ ဦးအောင်ဌေး လယ်မြေတွင် ရေဆင်းစပ်မျိုး(၁)နေကြာ စံပြကွက် ၅ ဧက စိုက်ပျိုးပွဲကို  ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ရေဆင်းစပ်မျိုး(၁)နေကြာ စံပြကွက် ၅ ဧက စိုက်ပျိုးပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးမွန်၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာပြည်သူများက ရေဆင်းစပ်မျိုး(၁)နေကြာအား တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက  ဆောင်းနေကြာ စိုက်ပျိုးရာ၌ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်၊ စိုက်ပျိုးနည်းစနစ်နှင့် သတ်မှတ် ဧကအထွက် တိုးပြီး ပြည့်မီအောင်စိုက်ပျိုးရန် ဟောပြောခဲ့သည်။

ဝင်းဗိုလ်(ပြန်/ဆက်)