လေးမျက်နှာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းကုသမှုများဆောင်ရွက်

လေးမျက်နှာ ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ခတ္တူအုပ်စု ရွာသစ်စုကျေးရွာတွင် ဒေသခံပြည်သူများအား ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းကုသမှုများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနက အနီးကပ်ပံ့ပိုးကြီးကြပ်မှုတို့ဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီး၊ အရေပြားအထူးကု ဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းလက်ထောက်အထူးကုဆရာဝန်၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး လက်ထောက်အထူးကုဆရာဝန်တို့ ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် လေးမျက်နှာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကွင်းဆင်းကုသမှုများဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးမှူး ဒေါက်တာသီဟ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်အဖွဲ့၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းတို့သည် ဒေသခံပြည်သူများအား ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လာရောက်ဆေးကုသမှုခံယူသည့် ပြည်သူများကို အားပေးစကားပြောကြားခြင်း၊ စာသောက်ဖွယ်ရာများပေးအပ်ခြင်းနှင့် အထူးကုဆရာဝန်ကြီးများအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါကွင်းဆင်းကုသမှုတွင် အထွေထွေရောဂါလူနာ(၉၄)ဦး၊ ခွဲစိတ်လူနာ(၈)ဦး၊ သားဖွားမီးယပ် လူနာ(၉)ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ(၄၆)ဦး၊ မျက်စိလူနာ(၆၈)ဦး၊ သွားနှင့်ခံတွင်းလူနာ (၅၀)ဦး၊ အရေးပြားဆိုင်ရာလူနာ(၄၃)ဦး၊ ကလေးလူနာ(၁၃)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ (၂၂)ဦး၊ အကြောအဆစ်နှင့် ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးလူနာ(၃၂)ဦးတို့ကို လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ပြည်သူ့ဆေးရုံကြီး ဟင်္သာတမြို့၌လိုအပ်သော ကုသမှုများဆက်လက်ဆောင်ရွက်နိုင်ရန် လူနာ(၃)ဦးအားညွှန်ပို့စီစဥ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)