ကန့်ဘလူ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာဘက်စုံထူးချွန်(လူရည်ချွန်) ကျောင်းသား၊ကျောင်းသူများ ရွေးချယ်ရေးအစီအစဥ် စာမေးပွဲဖြေဆိုစစ်ဆေးခြင်းကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းမှစတင်ကာ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘက်စုံထူးချွန်(လူရည်ချွန်) ရွေးချယ်ရေးစာမေးပွဲကို ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade- 9၊ Grade- 10၊ Grade- 11၊ Grade- 12 ကျောင်းသားကျောင်းသူ ပေါင်း ၄၇ ဦးဝင်ရောက်ဖြေဆိုပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း/အလယ်တန်း/(ခွဲ)ကျောင်းများမှ ဝင်ရောက်ဖြေဆိုကြသည်။မြန်မာစာ၊ အင်္ဂလိပ်စာ ၊သင်္ချာ၊ ရေးဖြေ၊ နှုတ်ဖြေအပြင် အထွေထွေဗဟုသုတနှင့် ကိုယ်ကာယကြံ့ခိုင်မှု စသည့်ဘာသာရပ်ကဏ္ဍပေါင်းစုံနှင့် စစ်ဆေးအမှတ်ပေး အကဲဖတ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့်အောင်မြင်ပါက ခရိုင်အဆင့်ထပ်မံယှဥ်ပြိုင် ဖြေဆိုသွားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘက်စုံထူးချွန်(လူရည်ချွန်) ရွေးချယ်ရေးလုပ်ငန်းအစီအစဥ်များကို မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းကျော်၊ လက်ထောက်ပညာရေးမှူး ဦးမိုးကျော်အောင်နှင့် ကျောင်းအုပ်ကြီးများပါဝင်သောအဖွဲ့များဖြင့် စနစ်တကျစစ်ဆေး ဆောင်ရွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)