ပခုက္ကူ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူရေးရာအသိပညာ ပေးရှင်းလင်းဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများက စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီ အဆင့်ဆင့်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူပြည်သူ အများရရှိခံစားရမည့်အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက စားသုံးသူရေးရာအခွင့်အရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများ ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားကြပြီး စားသုံးသူရေးရာဆိုင်ရာအသိပညာပေး စာအုပ်နှင့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)