မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်

မကွေး  ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာရှိ  ပညာဘဏ်တိုက်စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲနှင့် VDP စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ကကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က စာကြည့်တိုက် အဆောက်အအုံအသစ်နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှ တ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ စာကြည့်တိုက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဌာနဆိုင်ရာများ၊ စာကြည့်တိုက် ကော်မတီဝင်များ၊ ဒေသခံပြည်သူများ၊ ကျောင်းသားလူငယ်များနှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေဖြင့်လည်းကောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက် အဆောက်အအုံအသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသား စာကြည့်တိုက်များအတွက် ပရိဘောဂအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ၊ ရသစာအုပ်စာပေလှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချပြီး စာကြည့်တိုက် လုပ်ငန်းများ စနစ်တကျ ရှင်သန်လည်ပတ် ဆောင်ရွက်ရေး၊ ပရိဘောဂ စာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှု မရှိစေရေးနှင့်စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဝိုင်းဝန်း ထိန်းသိမ်းပြီး  ပူပေါင်း ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် စာကြည့်တိုက်နှင့် ပတ်သက်သည့် အချက်အလက်များအား မြို့သစ်မြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က လွှဲပြောင်းပေးအပ်ရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးမောင်ညိုက လက်ခံရယူခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ပညာဘဏ်တိုက် စာကြည့်တိုက် အဆောက်အအုံသစ်အား မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီက ခွဲဝေပေးသည့် ငွေကျပ် (၁၅၀)သိန်း၊ ဒေသခံပြည်သူများက လှူဒါန်းငွေကျပ် (၃၃) သိန်း စုစုပေါင်း ငွေကျပ်(၁၈၃) သိန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက် အဆောက်အအုံသစ် (၂၁) တိုက်အား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက် အပါအဝင် စုစုပေါင်း စာကြည့်တိုက် ()တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)