တောင်တွင်းကြီးမြို့နယ်တွင် စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများဆောင်ရွက်

တောင်တွင်းကြီး  ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နိုင်စေရေးတို့ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီအချိန်က ရွှေအိုးနယ်မြေမီးသတ်စခန်း၌ ဆောင်ရွက်ခဲ့သည်။

စက်သုံးဆီအရောင်းဆိုင်များရှိ ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များသည် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် အသိပညာပေးပြောကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်ရှိ သတ်မှတ်ထားသည့် မီးဘေးလုံခြုံမှုရှိ/မရှိ၊ မီးဘေးကာကွယ်ရေးပစ္စည်းများ၊ စက်သုံးဆီသိုလှောင်ကန်များ၊ အစရှိသည်တို့အား လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါ အရောင်းဆိုင်များရှိ ဝန်ထမ်းများ လက်တွေ့မီးငြှိမ်းသတ်နိုင်စေရန် တစ်ဦးခြင်း မီးသတ် ဆေးဘူးဖြင့် လက်တွေ့ငြှိမ်းသတ်ခဲ့ကြသည်။ မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် စက်သုံးဆီ အရောင်းဆိုင်များအား ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)