မင်းဘူး ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူးမြို့ မှန်ကင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဝတ်ကြီးလိုဏ်ဂူမှ အင်းဝခေတ် နံရံဆေးပန်းချီများ မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်နိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဝတ်ကြီးလိုဏ်ဂူမှ နံရံဆေးပန်းချီများသည် ရှေးနှစ်ပေါင်း ၂၀၀ ကျော် အင်းဝခေတ်က လက်ရာရာများဖြစ်ပြီး၊ မင်းဘူးဆရာတော် ဦးဩဘာသရေးသားခဲ့သော ဇာတ်တော်ကြီး ရှစ်ဘွဲ့ထဲမှ တေမိယဇာတ်၊ မဟာဇနက ဇာတ်၊ နေမိဇာတ်၊ မဟော်သဓာဇာတ်၊ စန္ဒကုမာရဇာတ်၊ နာရဒဇာတ် ဝိဓူရဇာတ်၊ ဝေဿန္တရာဇာတ်များ အပြင် ရှင်ပညာတိက္ခ ရေးသားသော သုဝဏ္ဏသာမဇာတ်နှင့် ရှင်နန္ဒမေဓာက ရေးသားသော ဘူရိဒတ်ဇာတ်တော်ကြီးများကို အသက်ဝင်စွာရေးဆွဲ ပုံဖော်ထားသော်လည်း ယခုအချိန်တွင် လက်ရာများက ပျက်စီးယိုယွင်းနေပြီဖြစ်သည်။
ထို့ကြောင့် မှန်ကင်းကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တပုညအား အမှူးထား၍၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှေးမူလက်ရာအတိုင်း ဘုရားပွဲတော်ရာသီအမီ ပုဂံဒေသမှ နံရံပန်းချီ ရေးဆွဲသည့် အတတ်ပညာရှင်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
ဝတ်ကြီးလိုဏ်ဂူ၏ ရှေးခေတ် နံရံဆေးပန်းချီများကို ရှေးမူလက်ရာအတိုင်း ပြန်လည်မွန်းမံပြင်ဆင်ရေး ဆွဲလိုက်ပါက မူလလက်ရာများ ပေါ်လွင်လာကာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအတွက် လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် ထင်ဟပ်လာစေမှာ အမှန်ဖြစ်ပါတော့သည်။
ဇေယျာနိုင်(ရွှေကန်မြေ)