တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော် - မှန်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်အား တက်ရောက်ဖွင့်လှစ်

ကျုံပျော်   ဒီဇင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကျုံပျော် - မှန်ကုန်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ  တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းက ကွန်ကရစ်လမ်း ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး၊ ကွန်ကရစ်လမ်းအားတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး၊ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် (၀/၃) မိုင်၊ အကျယ် (၁၂) ပေ၊ ထု (၇) လက်မ ရှိပြီး ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၁၅၅,၀၀၀) သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ (၂၀- ၇ - ၂၀၂၄) ရက်နေ့တွင် လုပ်ငန်းစတင်၍ (၂၀.၁၁.၂၀၂၄) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ရာ ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်အုပ်စုရှိ ကျေးရွာ (၁၀) ရွာ၊ အိမ်ခြေ (၁၃၀၇) အိမ်၊ လူဦးရေ (၄၇၉ဝ)ဦးအား အကျိုးပြုသောလမ်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)