ရွှေသောင်ယံမြို့ သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာ အ.ထ.က ( သပေါ့ကန်)တွင် လူငယ်စကားဝိုင်းကျင်းပ

ရွှေသောင်ယံ ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာ အ.ထ.က-(သပေါ့ကန်)တွင် ယမန်နေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ရှေးဦးစွာ အထက-သပေါ့ကန်‌ေကျာင်းမှ ဆရာမ ဒေါ်စုမာမြင့်က အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်မှ လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားရာ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံအတွက်အားထားရသည့် အနာဂတ်သားကောင်းရတနာများပေါ်ထွန်းလာစေရန်၊ လူငယ်များ၏ အနာဂတ်ဘဝသာယာလှပစေရန် အရွယ်သုံးပါးလုံးစာဖတ်ဖို့လိုအပ်ကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး လူတော်လူကောင်းများဖြစ်စေရန် စသည်ဖြင့်လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းပြုလုပ်ကျင်းပရာ Grade-11ကျောင်းသား မောင်ဟိန်းတွယ်တာ ဇော်မှ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-11 ကျောင်းသူ မမြသင်းကြူမှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ခန့်ဇော်လှိုင်မှ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မချစ်ဖူးခိုင်မှ လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုအပေါ် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြ ကြောင်းသိရသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုကဒ်ပြားများပေးအပ်ခဲ့ကြပြီး နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များငှားရမ်း ပေးခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အ.ထ.က-သပေါ့ကန်မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)