ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ဘားအံ ဒီဇင်ဘာ ၈

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦး တစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ ပထမပတ် စုပေါင်းလူထု လမ်းလျှောက်ပွဲကို ယမန်နေ့နံနက် နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပခဲ့သည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘားအံတက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်နှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ ဘားအံမြို့ပေါ်ရပ်ကွက်များရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား ၂၂၅၀ ဦးတို့သည် စုရပ်ဖြစ်သော သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့မှ သီရိလမ်း၊ ယဉ်ကျေးမှုပြတိုက်လမ်း၊ ဦးပေါက်လမ်း၊ ရန်မျိုးအောင်လမ်း၊ ကျော်ဇေယျလမ်း၊ ဆေးရုံလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းသို့ဝင်ရောက်ကာ ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်းသို့ ဝင်ရောက်ကာ အကြောလျှော့လေ့ကျင်းခန်းများဆောင်ရွက်၍ စုပေါင်းကိုယ်လက် ကြံခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ်အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဒီဇင်ဘာအားကစားလဖြစ်သည်နှင့်အညီ အများပြည်သူ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအနေဖြင့် အများပြည်သူဆိုင်ရာနေရာ (Public Area)များတွင် တစ်ဦးတစ်ယောက်ချင်းအလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့များအလိုက်သော်လည်းကောင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအစီအစဉ်များ ဆောင်ရွက်နေကြသည်ကို မြင်တွေ့ခဲ့ရပြီး လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ယှဉ်နွဲသူများအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကာ အမျိုးသား၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ၊ Small Goal သွင်းပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)