လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာတွင် မိုးစပါးစံကွက်ရိတ် တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိ

ဘားအံ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်တွင် ယခုနှစ်မိုးစပါးဧက လေးသိန်းနှစ်သောင်းခုနှစ်ထောင်ကျော် စိုက်ပျိုးခဲ့ပြီး တစ်ဧက အထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၁၀၅၃ ကွက်ကို ရိတ်သိမ်းသွားမည်ရာ ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်မြေစာရင်းဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ထီလုံအလယ်ကွင်းရှိ တောင်သူ ဦးရာမူး၏ မိုးစပါးဆင်းသုခစိုက်ခင်း၌ စံကွက်ရိတ်သိမ်းရာ တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဓိကစားနပ်ရိက္ခာမှာ လယ်ယာကဏ္ဍမှရရှိသည့်အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တောင်သူများအနေဖြင့် စပါးသီးနှံကိုတိုးချဲ့စိုက်ပျိုးကြစေလိုပြီး သီးထပ်သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်မြေစာရင်းဦးစီးဌာမှူးက စံကွက်ရိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူးက မီးခိုးမြူငွေ့များ အန္တရာယ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိရေး စိုက်ပျိုးပြီးစီးသည့် မိုးစပါးဧကများအနက် ကိုယ်စားပြု အလွှာ(ကောင်း)ကိုကိုယ်စားပြုသော ဆင်းသုခမိုးစပါးစိုက်ခင်းကို (၆ ဿမ ၆ ပေ x ၆ ဒသမ ၆ ပေ)ပတ်လည် ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက်သုံးကွက်အား ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တောင်သူများက မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးရိတ်သိမ်း ခြင်းတို့ကိုဆောင်ရွက်ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်မြေစာရင်းဦးစီးဌာနမှူးက တစ်ဧကအထွက်နှုန်း  ၁၁၁ ဒသမ ၁၅ တင်းထွက်ရှိ ကြောင်း၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်အားခအစရှိသော တစ်ဧကစိုက်ပျိုးစရိတ်၊ အထွက်နှုန်းနှင့် တောင်သူအကျိုးအမြတ်ရရှိမှုတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် မိုးစပါး ၁၂၀၈၈၉ ဧကစိုက်ပျိုးထားရှိပြီး ကောင်း၊ သင့်၊ ညံ့ကိုယ်စားပြုအလွှာလိုက် စံကွက်ပေါင်း ၃၁၅ ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြည်နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)